အပူအအေးမမျှတလို့ ဦးနှောက်သွေးကြောပေါက်တာလား
ဦးနှောက်သွေးကြောပေါက်ပြီး သေသွားတယ်…. လေဖြတ်သွားတယ်… ဒါတွေဟာ ပတ်ဝန်းကျင်မှာ ကြားရတဲ့ တုန်လှုပ်စရာ အဖြစ်အပျက်တွေပါပဲ။
အများစုက အပူအအေး မျှတလို့ နေပူထဲမှာ အလုပ်လုပ်လို့ သွေးတိုးစာတွေစားလို့ စသဖြင့် ထင်ကြပေမယ့် တကယ်တော့ ဦးနှောက်သွေးကြောပြတ်ရတာဟာ ဒီအချက်တွေတင်မဟုတ်ပဲ တခြားအရေးကြီးတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါသေးတယ်။
အရင်ဆုံး ဦးနှောက်သွေးကြောပေါက်ခြင်း အကြောင်း အနည်းငယ်ပြောပြပါမယ်။ ဦးနှောက်သွေးကြောပိတ်တယ်၊ ကျဉ်းတယ်၊ ပေါက်တယ်၊ လေဖြန်းတယ် ၊ လေဖြတ်တယ်ဆိုတာ ဆက်စပ်နေတဲ့ အခြေအနေတွေပါပဲ။
ဆေးပညာအရ ဦးနှောက်သွေးကြောကျဉ်းတာကို Ischaemic Stroke လို့ခေါ်ပြီး သွေးကြောပေါက်တဲ့ အဆင့်အထိ ရောက်ရင်တော့ Haemorrhgic Stroke လို့ ခေါ်ပါတယ်။
TIA (Transient Ischemic Attack) ဆိုတာကတော့ လေဖြန်းတဲ့ အဆင့်ကို ပြောတာဖြစ်ပြီး အသေးစားလေဖြတ်ခြင်းလို့လဲ ပြောကြပါတယ်။
ဦးနှောက်ကို သွားတဲ့ လမ်းကြောင်းပေါက်ရတဲ့ အကြောင်းရင်းတွေကတော့ အများကြီးရှိပါတယ်။
- သွေးပေါင်မထိန်းနိုင်တာ၊
- သွေးကျဲဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး၊
- သွေးကြောဖောင်းတာ၊
- ထိခိုက်ဒဏ်ရာရတာ၊
- သွေးကြောနံရံမှာ အားနည်းတာ၊
- ဦးနှောက်ဆီ လျှောက်တဲ့ သွေးလမ်းကြောင်းကျဉ်းတာ စတဲ့ အချက်တွေက Haemorrhagic Stroke ကို ဖြစ်စေနိုင်ပါတယ်။
နွေရာသီ အပူချိန်များတဲ့ အချိန်မှာ ဒီအခြေအနေက ပိုဆိုးနိုင်ချေ များတယ်ဆိုပေမယ့် အချိန်တိုင်း ရာသီတိုင်းမှာ အထူးသတိထားဖို့ လိုပါတယ်။
အထူးသဖြင့် သွေးတိုး၊ ဆီးချိုရှိသူတွေ၊ အဝလွန်သူတွေ၊ သွေးတွင်းအဆီများသူတွေ၊ လှုပ်ရှားမှုနည်းသူတွေ၊ အရက်အလွန်အကျွံသောက်သူတွေ၊ တားမြစ်ဆေးသုံးသူတွေ၊ မျိုးရိုးမှာ လေဖြတ်ဖူးတဲ့ ရာဇဝင်ရှိသူတွေ၊ အသက် ၅၅ နှစ်အထက်လူကြီးတွေနဲ့ သန္ဓေတားဆေး သောက်ရတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်နိုင်ချေများပါတယ်၊
ဦးနှောက်သွေးကြောပေါက်ခြင်းကို ကာကွယ်နိုင်ဖို့ သွေးပေါင်ချိန်ထိန်းညှိတာ၊ ဆီးချိုအတွက် ထိန်းချုပ်ကုသတာ၊ အဆီလျှော့စားတာ၊ ဆေးလိပ်၊ အရက်နဲ့ တားမြစ်ဆေးတွေကို ရှောင်တာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ စတဲ့ နည်းလမ်းတွေကို လိုက်နာဖို့ အရေးကြီးပါတယ်။
ဦးနှောက်သွေးကြောပေါက်ခြင်းကို နွေရာသီ အပူအအေး မမျှတချိန်မှာတင်မဟုတ်ပဲ အချိန်တိုင်း ကာကွယ်နိုင်ဖို့ လိုအပ်ကြောင်း ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)